နိုင်ငံခြားသားများလည်း စိတ်ချလက်ချနေထိုင်နိုင်သော ဂျပန်နိုင်ငံ

ဂျပန်နိုင်ငံဆိုသည်မှာ အရမ်းလုံခြုံစိတ်ချရသောနိုင်ငံဟု ပြောစမှတ်ပြုကြပါသည်။ အမှန်တကယ်ကိုပဲ ၂၀၂၀ ခုနှစ် ဇွန်လတွင်ထုတ်ပြန်ခဲ့သည့် ကမ္ဘာ့အငြိမ်းချမ်းဆုံးနိုင်ငံများစာရင်းတွင် အဆင့် ၉[1] အဖြစ် ရပ်တည်ခဲ့ပြီး အဓိကဖွံ့ဖြိုးပြီးနိုင်ငံများထဲမှ ကနေဒါ၏နောက်မှလိုက်ခါ အဆင့်သတ်မှတ်မှု မြင့်မားလှပါသည်။ ဂျပန်နိုင်ငံတွင် သေနတ်၊ ဓါးလက်နက်အမျိုးအစားများကို ထိန်းချုပ်ရန်အတွက်ရည်ရွယ်ထားသောဥပဒေလည်းရှိသည့်အတွက် သေနတ်များဓါးများကိုကိုင်ပြီး သွားလာနေသောသူဟူ၍မရှိပါဘူး။ (သေချာတာကတော့ ခါးမှာဓါးရှည်ကြီးထိုးထားသော ဆာမူရိုင်းလည်းမရှိပါဘူး) ဂျပန်တွင်အလုပ်လုပ်ဖူးသောနိုင်ငံခြားသားများကို စစ်တမ်းကောက်ယူခြင်း၊ အင်တာဗျူးမေးမြန်းခြင်းတွေမှတဆင့်ဂျပန်နိုင်ငံတွင်းနေထိုင်မှု ဘဝနှင့်ပတ်သက်၍မေးမြန်းကြည့်ခဲ့ပါသည်။

[1] Global Peace Index © Institute for Economics and Peace

Contents

ဂျပန်မှာညဖက်အပြင်ထွက်လည်းပဲ အန္တရာယ်မဖြစ်ဘူးလား?

အိုအိတစီရင်စုတွင်အလုပ်လုပ်ကိုင်နေခဲ့သော နီပေါနိုင်ငံသား မစ္စတာ မာနီ ဂယာဝါလီက “ကျွန်တော် နေထိုင်ခဲ့တဲ့မြို့ကတော့ တော်တော်လေး နယ်မြေငြိမ်းချမ်းတဲ့နေရာပါ။ အလုပ် ဒါမှမဟုတ် ကိုယ်ပိုင် ကိစ္စနဲ့အပြင်ထွက်တဲ့အခါမှာ အချိန်ကိုကြည့်နေစရာမလိုပဲ သွားလာနိုင်ပါတယ်။ မိခင်နိုင်ငံနဲ့ ယှဉ်ကြည့်ရင်လည်း ဂျပန်နိုင်ငံဟာ ဘယ်အချိန်မှာမဆို အရမ်းကိုနယ်မြေငြိမ်းချမ်းပြီး ကောင်းမွန်တဲ့ နိုင်ငံလို့ပဲထင်ပါတယ်” လို့ပြောပါတယ်။ တစ်ဖက်မှာလည်းပဲ “မိခင်နိုင်ငံဖိလစ်ပိုင်နဲ့ယှဉ်ကြည့်ရင် ညဖက်ခြမ်းဂျပန်နိုင်ငံရဲ့ နယ်မြေငြိမ်းချမ်းမှုဟာ အရမ်းကိုလုံခြုံအေးချမ်းပါတယ်။ ဒါပေမယ့် ကြောက်စရာကောင်းတဲ့ အတွေ့အကြုံတွေလည်းရှိခဲ့ပါတယ်။ အဲဒါကတော့ အရက်ဆိုင်တွေ အများကြီးရှိတဲ့လူစည်းကားရာလမ်းမှာ အရက်မူးနေသူတစ်ယောက်က စကားလာပြောတဲ့အချိန်ပါပဲ” ဟု အန်နီက ပြောပြခဲ့ပါသည်။

နောက်ထပ် ဂျပန်ကိုရောက်ပြီးသိပ်မကြာသေးသော မွန်ဂိုလူမျိုး မစ္စ ဘတ်ဂျရယ် အာရွန်ဂျရယ် က “ဂျပန်နိုင်ငံဟာ အရမ်းကိုသန့်ရှင်းလှပပြီး လုံခြုံအေးချမ်းတဲ့နိုင်ငံတစ်ခုလို့ ထင်ခဲ့မိပါတယ်။ ဒါပေမယ့် ဂျပန်ကိုရောက်လာပြီး သတင်းတွေကြည့်လိုက်ရင် အမှုအခင်းတွေနဲ့ မတော်တဆဖြစ်မှုတွေချည်းပဲ ထုတ်လွှင့်နေတော့ နည်းနည်းတော့ စိတ်မအေးဖြစ်လာခဲ့တယ်” ဟု ပြောပါသည်။ အမှန်တကယ့်ကို ဂျပန်နိုင်ငံဟာ နယ်မြေငြိမ်းချမ်းသောနိုင်ငံဖြစ်သော်လည်း လူစည်ကားသောလမ်းများတွင် ညဖက် မိန်းကလေးတစ်ယောက်တည်း လမ်းထွက်လျှောက်တာမျိုးကို ရှောင်ကျဉ်တာကောင်းမည်ထင်ပါသည်။

 

ဂျပန်ရဲ့ မြို့တွေထဲမှာက သန့်ရှင်းရဲ့လား?

နိုင်ငံခြားသားများဂျပန်နိုင်ငံသို့ ပထမဦးဆုံးအကြိမ်လာလျှင် “မောင်းနေတဲ့ကားတွေက လှလိုက်တာ” လို့ တအံ့တသြဖြစ်ကြတယ်လို့ဆိုပါတယ်။ ရထား၊ ဘတ်စ်ကားစတဲ့ အများပြည်သူသုံးပို့ဆောင်ရေး ယာဉ်တွေဟာလည်း သန့်ရှင်းနေပြီး များသောအားဖြင့် အမှိုက်တွေကျနေတာမျိုးလည်းမရှိပါဘူး။ “ဂျပန်နိုင်ငံရဲ့ အမှိုက်စွန့်ပစ်မှုအနေအထားတွေနဲ့ တစ်မြို့လုံးမှာသန့်ရှင်းလှပနေတဲ့အချက်တွေက အရမ်းကိုသဘောကျနှစ်ခြိုက်မိခဲ့ပါတယ်။ နောက်ပြီး ပန်းခြံတွေမှာ သန့်စင်ခန်းနဲ့ရေသောက်လို့ရတဲ့ နေရာတွေရှိနေတာကိုကြည့်ပြီး အံသြမိခဲ့ပါတယ်။ ဂျပန်လူမျိုးတွေက အမူအကျင့်တွေ ထိန်းသိမ်း လိုက်နာတဲ့အပေါ်မှာ အသိတရားအရမ်းမြင့်မားတယ်ဆိုတာကို သိခဲ့ရပါတယ်” ဟုပြောပြပေးခဲ့သူမှာ နီပေါ်နိုင်ငံသား မစ္စတာ မာနီ ဂယာဝါလီပဲဖြစ်ပါသည်။ သို့ပေမယ့် သန့်စင်ခန်းများ၏ သန့်ရှင်းပုံနှင့်ပတ်သက်လို့ကတော့ လူပေါ်မှာမူတည်ပြီး ထင်မြင်မှုတွေကွဲပြားကြသည်ဟုထင်မြင်ရပါသည်။ “စျေးဝယ် စင်တာတွေနဲ့ ကုန်တိုက်တွေရဲ့ သန့်စင်ခန်းတွေကတော့ အရမ်းကိုသန့်ရှင်းပြီးသပ်ရပ်ပါတယ်။ ဒါပေမယ့် အများသုံး သန့်စင်ခန်းတွေမှာတော့ သိပ်ပြီးမသန့်ရှင်းတာများပါတယ်။ ဘူတာက သန့်စင်ခန်းဆိုရင် နံတယ်…”လို့ မှတ်ချက်ပြုတဲ့သူလည်းပဲ ရှိခဲ့ပါတယ်။

ဂျပန်လူမျိုးများဟာ အမူအကျင့်များနှင့် စည်းကမ်းများကို ထိန်းသိမ်းလိုက်နာတတ်ကြတာဟာ လူမျိုးရေးဝိသေသနဖြစ်သည်ဟု ပြောဆိုကြပါသည်။ ထို့အတွက်ကြောင့် ဂျပန်၏မြို့များထဲတွင် အကြမ်းဖျင်းအားဖြင့် သန့်ရှင်းသပ်ရပ်ပြီး စိတ်ကသိကအောက်ဖြစ်စရာရှားပါသည်။ ဆိုသော်ငြားလည်း ပထမဦးဆုံးအကြိမ်ဂျပန်ကိုလာသောနိုင်ငံခြားသားများအတွက် နားလည်ရခက်ခဲသော စည်းကမ်းများလည်းရှိသည်ဟုထင်ရပါသည်။ အင်ဒိုးနီးရှားနိုင်ငံမှ မစ္စ ရစ္စဝန်တီက “ဂျပန်နိုင်ငံမှာက စည်းကမ်းဥပဒေတွေ အများကြီးရှိတဲ့အတွက် တစ်ခုချင်းစီသင်ယူမှတ်သားတဲ့နည်းလမ်းက ကောင်းပါတယ်” လို့ပြောပါ တယ်။

 

မိမိနိုင်ငံနဲ့ယှဉ်ကြည့်ရင် ကုန်ဈေးနှုန်းက?

ဂျပန်နိုင်ငံ၏ကုန်ဈေးနှုန်းနှင့်ပတ်သက်၍ သိမ်းကျုံးပြီးဈေးချိုသည်၊ ဈေးကြီးသည်ဟူ၍ပြောဖို့ရာတော့ ခက်ခဲပေမယ့် အရှေ့တောင်အာရှနိုင်ငံများကနေကြည့်မည်ဆိုလျှင် အစားအသောက်ကုန်ကြမ်း များဟာ ဈေးကြီးသည်ဟု ထင်မြင်ကြပါလိမ့်မည် ဂျပန်တွင် နေထိုင်နေသော ဖိလစ်ပိုင်နိုင်ငံမှ အန်နီ ကတော့ ယခုလိုပြောပါသည်။ “ဖိလစ်ပိုင်ရဲ့ကုန်ဈေးနှုန်းက သက်သာတယ်။ ဂျပန်မှာတော့ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ၊ တက္ကစီ၊ ပီဇာ၊ လုပ်ခလစာတွေက ဈေးနှုန်းမြင့်မားပါတယ်။ ဒါပေမယ့် လျှပ်စစ်မီးနဲ့ရေမီတာခတွေကတော့ ဖိလစ်ပိုင်ထက် ဈေးသက်သာကောင်းသက်သာနိုင်ပါတယ်။” နောက်ထပ် ဂျပန်နိုင်ငံမှာနေထိုင်ခဲ့ဖူးတဲ့ နီပေါနိုင်ငံက မစ္စတာ မာနီ ဂယာဝါလီ ကလည်းပဲ “ပထမဦးဆုံးအကြိမ် ဂျပန်နိုင်ငံရဲ့ဈေးနှုန်းတွေကိုမြင်လိုက်တော့ တော်တော့်ကိုအံ့အားသင့်သွား ခဲ့တာ။ ဥပမာ- ၁၀ကီလို ရှိတဲ့ဆန်ရဲ့ဈေးနှုန်းက မိခင်နိုင်ငံရဲ့ ငါးဆလောက်ရှိပါတယ်။ ဒါပေမယ့်လည်း နေထိုင်မှုမှာ အသားကျလာရင်းနဲ့ပဲ သိပ်ပြီးစိတ်ထဲမထားတတ်တော့ဘဲဖြစ်လာပါတယ်။ အဲဒါကတော့ ကုန်ဈေးနှုန်းမြင့်မားပေမယ့်လည်း အဲဒါနဲ့ကိုက်ညီတဲ့လုပ်ခလစာစံနှုန်းတစ်ခုဖြစ်လာလို့ပဲဖြစ်ပါတယ်။ သေချာသလောက်ကတော့ ဂျပန်ကိုရောက်ခါစသူတွေအတွက်ကတော့ ကုန်ဈေးနှုန်းအရမ်းမြင့်တယ်လို့ ခံစားရလိမ့်မယ်ထင်ပါတယ်” ဟု ပြောပါသည်။

အခြားတစ်ဖက်မှာလည်း လွန်ခဲ့သောဆယ်စုနှစ်အနည်းငယ်ကတည်းက ဂျပန်မှာ ကုန်ဈေးနှုန်းက သိပ်ပြီးတော့ မြင့်မားမလာဘူးဆိုတဲ့ အမှန်တရားလည်းရှိပါသည်။ “မွန်ဂိုနိုင်ငံကိုပြန်သွားပြီး ၆ နှစ် ကြာမှ ဂျပန်ကိုနောက်တစ်ကြိမ်ထပ်သွားခဲ့တယ်။ အဲဒီအချိန်မှာ အံ့သြမိတာက ခဏခဏစားခဲ့တဲ့ ပေါင်မုန့်၊ ရေခဲမုန့်၊ ရာမန်ခေါက်ဆွဲ၊ ဆိုဒါစတာတွေရဲ့ဈေးနှုန်းက လွန်ခဲ့တဲ့ ၆ နှစ်နဲ့ သိပ်ပြီးမကွာခြား လို့ပါပဲ။ ဂျပန်နိုင်ငံက မွန်ဂိုနဲ့နှိုင်းယှဉ်ရင် ငွေဖောင်းပွမှုနှုန်း နိမ့်တဲ့အတွက် တစ်နည်းပြောရရင် ငွေကြေးစီမံလို့လွယ်ပါတယ်” ဆိုသော မှတ်ချက်လည်းရှိပါသည်။

ယခုဆိုလျှင်အင်တာနက်မှတဆင့် ပစ္စည်းများ၏ဈေးနှုန်းကို ချက်ချင်းသိနိုင်သည့်အတွက် ဂျပန်ကို မသွားခင်မှာ နေ့စဉ်ဘဝအတွက်မဖြစ်မနေလိုအပ်သောပစ္စည်းဈေးနှုန်းများကို သိအောင်လုပ်ထားတာ ကောင်းလိမ့်မည်ထင်ပါသည်။ ဂျပန်နိုင်ငံသို့သွားရန်အတွက် ငွေကြေးပြင်ဆင်မှုနှင့် နေထိုင်စားသောက်မှု စရိတ်ကိုတွက်ချက်ပြင်ဆင်ထားဖို့ကလည်း အလွန်အရေးပါသော အချက်တစ်ချက်ဖြစ်ပါသည်။

 

အစားအသောက်ကုန်ကြမ်းတွေရော ဝယ်လို့လွယ်လား?

ပထမဦးဆုံးကြုံတွေ့ရသောပတ်ဝန်းကျင်မှာ နေ့စဉ်ရှင်သန်နေထိုင်ရမည်ဆိုလျှင် အစားအသောက်ကိစ္စကို ထည့်တွက်မိကြမည်မဟုတ်ပါလား။ မိခင်နိုင်ငံမှာအသုံးပြုကြသော စားသောက်ကုန်ကြမ်းနှင့် ဟင်းခတ်အမွှေးအကြိုင်များရောရှိရဲ့လား၊ ဘယ်လိုဝယ်လို့ရနိုင်မလဲစသဖြင့် စိုးရိမ်ပူပန်မိကြလိမ့်မည် ထင်ပါသည်။ အမှန်တကယ်မှာတော့ ဂျပန်နိုင်ငံဟာ အစားအသောက်အမျိုးအစားပေါကြွယ်ဝပြီး အမျိုးမျိုးသော စားသောက်ကုန်ကြမ်းများကို ဝယ်ယူရလွယ်ကူသည့်အပြင် စားသောက်ဆိုင်တွေလည်း များပြားသည့်အတွက် အစားအသောက်နှင့်ပတ်သက်ပြီး နှစ်သက်ကျေနပ်နိုင်ပါသည်။ ဂျပန်မှာ နေထိုင်ဖူးသော နိုင်ငံခြားသားများ၏ မှတ်ချက်ကို ကြည့်ကြည့်ကြရအောင်။

-“တရုတ်အစားအစာနဲ့ အနောက်တိုင်းအစားအစာစတဲ့ အစားအသောက်အမျိုးအစားစုံလင်ပါတယ်။ မြို့ကြီးပြကြီးတွေကိုသွားမယ်ဆိုရင် ရှားပါးတဲ့အခြားနိုင်ငံရဲ့ ဟင်းလျာစားသောက်ဆိုင်တွေလည်း ရှိပါတယ်။ ဥပမာ-ပီရူးဟင်းလျာ၊ အီသီယိုးပီးယားဟင်းလျာ၊ ဥဇဘက်ကစ္စတန်ဟင်းလျာစတာတွေပါ။ Fast food တွေဆိုတာကတော့ ပြောဖို့တောင်မလို အများကြီးရှိပါတယ်။ ဒါပေမယ့် ကျွန်တော့် မိခင်နိုင်ငံဟင်းလျာကိုရောင်းချပေးတဲ့ စားသောက်ဆိုင်ကတော့ အရသာကအကောင်းကြီးမဟုတ်လှ ပေမယ့် ဈေးကကြီးလို့ ကိုယ်တိုင်ပဲကုန်ကြမ်းတွေဝယ်ပြီး ချက်ပြုတ်ပါတယ်။ အွန်လိုင်းကနေ ကိုယ့်နိုင်ငံရဲ့ ဟင်းခတ်အမွှေးအကြိုင်စတာတွေကို ဝယ်ယူရရှိနိုင်ပါတယ်။”

-“ဂျပန်ကိုရောက်ခါစအချိန်တုန်းက ဂျပန်အစားအစာတွေက ကိုယ့်ပါးစပ်နဲ့မကိုက်ဘဲ အတော်လေး အခက်တွေ့ခဲ့ရတယ်။ စစချင်းတုန်းကတော့ လိုအပ်တဲ့ကုန်ကြမ်းပစ္စည်းတွေကို စူပါမားကတ်မှာ ဝယ်ပြီး ကိုယ့်နိုင်ငံရဲ့အရသာနဲ့တူတဲ့ဟင်းတွေကို ချက်ပြုတ်ခဲ့တယ်။ နေထိုင်ရတာအသားကျလာတဲ့ အခါမှာတော့ ဂျပန်အစားအစာတွေကိုလည်း ကောင်းကောင်းစားနိုင်လာပြီး အိမ်မှာတောင် ဂျပန် အစားအစာတွေချက်ပြုတ်စားသောက်လာခဲ့တယ်။ မိခင်နိုင်ငံရဲ့ဟင်းလျာတွေစားချင်မိတဲ့အချိန်မျိုး မှာတော့ မြို့ထဲမှာရှိတဲ့စားသောက်ဆိုင်ကို သွားခဲ့တယ်။ စူပါမားကတ်တွေနဲ့ အွန်လိုင်းမှာ စားသောက် ကုန်ကြမ်းအမျိုးမျိုးကိုရောင်းချနေတဲ့အတွက် အစားအသောက်ကိစ္စမှာ ဒုက္ခရောက်တာတော့မရှိခဲ့ ပါဘူး။”

 

အားလပ်ရက်ဖြတ်သန်းပုံ

ယခုအခါမှာ ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့နေမှုကြောင့် သွားလာရခက်ခဲသောကာလဖြစ်ပေမယ့်လည်း တကယ့် တကယ်တော့ ဂျပန်နိုင်ငံပြည်တွင်းလမ်းပန်းဆက်သွယ်မှုကွန်ယက်ဟာ အလွန်တိုးတက်သည့်အတွက်  လေယာဉ်၊ ရထား၊ အဝေးပြေးဘတ်စ်ကားစသည်တို့နှင့် အားလပ်ရက်များတွင် နေရာမျိုးစုံသို့ သွားရောက်လည်ပတ်လို့ရပါသည်။ မွန်ဂိုနိုင်ငံမှ မစ္စ အန်နာဘာယာရန်ချင်ခိုရိုက “ဂျပန်နိုင်ငံဟာ အခြေခံအားဖြင့် လုံခြုံအေးချမ်းတဲ့နိုင်ငံဖြစ်လို့ မိန်းကလေးတွေလည်း စိတ်ချလက်ချနဲ့ တစ်ကိုယ်တော်ခရီးသွားလို့ ရပါတယ်။” လို့ပြောပြခဲ့ပါတယ်။ နောက်ပြီး နီးနီးနားနားမှာ ရုပ်ရှင်ကြည့်တာတို့ စျေးဝယ်ထွက်တာတို့ လည်း လုပ်လို့ရပါသေးတယ်။ အဲဒီထဲမှာမှ ဒေသတွင်းမှာပဲ ဂျပန်ကလေးငယ်တွေကို ခရစ်ကတ် သင်ပေးတာတို့၊ ယဉ်ကျေးမှုဖလှယ်တာတို့ ကာရာအိုကေ အဆိုပြိုင်ပွဲလုပ်တာတို့ စသဖြင့် ပျော်ရွှင်နေ ကြတဲ့သူတွေလည်းရှိပါသေးတယ်။

ဖိလစ်ပိုင်မှ အန်နီကတော့ “စနေ၊တနင်္ဂနွေနေ့တွေမှာ အနီးအနားကကော်ဖီဆိုင်တွေကို လှည့်ပတ် ပြီး သွားပါတယ်။ နောက်ပြီး လူစည်ကားတဲ့လမ်းတွေကဆိုင်တွေကို သွားကြည့်တာတို့၊ ဆိုင်မှာ စားသောက်ရတာတို့လုပ်ရတာကို သဘောကျမိပါတယ်။ ဒေသရဲ့အစီအစဉ်တွေ (ပွဲတော်၊ ပြပွဲစသည်) မှာ ပါဝင်ဆင်နွှဲရတာလည်း ကြိုက်နှစ်သက်ပါတယ်။ ဂျပန်ယဉ်ကျေးမှုနဲ့ထိတွေ့နိုင်တဲ့ ရိုးရာ လက်ဖက်ရည်ပွဲစတာတွေလည်း အရမ်းကြိုက်ပါတယ်။ ခရီးတွေအများကြီးထွက်ပြီး ဂျပန်တစ်နိုင်ငံ လုံးရဲ့ ၄၇ ဒေသကိုသွားဖို့လည်း ရည်မှန်းထားပါတယ်။”

ဂျပန်နိုင်ငံမှာ ဘိုးဘွားစောင့်ရှောက်ရေးအလုပ်ကိုလုပ်ကိုင်မည်ဆိုလျှင် ဘိုးဘွားပြုစုနည်း (စာမေးပွဲ) သင်ယူလေ့လာဖို့နဲ့ ဂျပန်စာသင်ယူလေ့လာဖို့စသဖြင့် အားလပ်ရက်တွေမှာလည်း အလုပ်များတာတွေ ဖြစ်တတ်ပေမယ့် စိတ်ဖိစီးမှုတွေစုပုံမနေစေဖို့အတွက်ကလည်း အားလပ်ရက်တွေမှာ ပေါ့ပေါ့ပါးပါး အပြင်ထွက်ပြီး ဂျပန်နိုင်ငံရဲ့ပျော်ရွှင်စရာတွေကိုခံစားကြည့်တာ ကောင်းပါလိမ့်မည်။

 

 

 

Scroll to Top